ဆွေးနွေးချက်(၁၆)

Friday, September 3, 2010

Functions

Functions တွေဆိုတာ Program တွေမှာ မဖြစ်မနေပါတဲ့ ပရိုဂရမ်အပိုင်းလေးတွေပဲဖြစ်ပါတယ် ။ ဥပမာ main() {} ဆိုတာလည်း function တစ်ခုပါပဲ ။ function တွေ ကိုဘာကြောင့် Program ထဲမှာထည့်သုံးရလဲဆိုတော့ call ခေါ်ပြီး သုံးလို့ရလို့ပါပဲ ။ Program ထဲမှာထပ်ခါထပ်ခါ လုပ်နေရမဲ့ အလုပ်တွေကို ခဏခဏ ရေနေဖို့မလိုပဲ တစ်နေရာတည်းမှာ ဖန်ရှင်အနေနဲ့ရေးထားပြီး calling function အနေနဲ့ ခေါ်သုံးရင် တိုလည်းတိုမယ် ရှင်းလည်းရှင်းသွားပါတယ် ။ function တွေကိုသုံးမယ်ဆိုရင် အောက်ပါအတိုင်းရေးပြီးသုံးနိုင်ပါတယ် ။

၁ ။ Return type FunctionName () { statements }

၂ ။ Return type FunctionName ( parameter1, parameter2, ...) { statements }

• ReturnType ဆိုတာကတော့ Function ရဲ့ Return ပြန်ပေးမဲ့ types အမျိုးအစားဖြစ်ပါတယ် ။ void , int , float , double စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ် ။
• FunctionName ဆိုတာကတော့ ဖန်ရှင်ကိုသတ်မှတ်ပေးမဲ့နာမည်ပဲဖြစ်ပါတယ် ။
• () ချည်းပဲဟာကတော့ parameters တွေမပါတဲ့ functionတွေအတွက်ပါ ။
• ( parameter1, parameter2, ...) ဆိုတာကတော့ parameters တွေ ဖန်ရှင်ထဲမှာကိုယ်သုံးရင်သုံးသလောက် ကြေငြာပေးလို့ရပါတယ် ။ int a , float b စသည်ဖြင့်ပေါ့ ။
• { statements } ဆိုတာကတော့ ကိုယ်လုပ်ချင်တဲ့ ညွန်ကြားချက်တွေကိုရေးပေးရမဲ့နေရာပါ ။


Example For Function

// void function example
#include <iostream>
using namespace std;

void printmessage ()
{
cout << "First Function!";
}

int main ()
{
printmessage ();
cout<<endl;
return 0;
}

ရှင်းလင်းချက်

အပေါ်က Program လေးကို ကြည့်မယ်ဆိုရင် Function ၂ ခုသုံးထားတာကို တွေ့မှာဖြစ်ပါတယ် ။
• ပထမ Function မှာ Return Type မှာ void ကိုသုံးထားပါတယ် ။ ပြီးတော့ Parameters တွေမပါပါဘူး ။ ဘာလို့လဲဆိုတော့ စာကြောင်းတစ်ကြောင်းကိုထုတ်ပေးယုံ ပဲဖြစ်တဲပအတွက် မလိုအပ်လို့ ဖြစ်ပါတယ် ။Function Statements မှာတော့ First Function! ဆိုတဲ့စာကြောင်းလေးကိုထုတ်ပေးဖို့ရေးထားပါတယ် ။
• နောက်ဖန်ရှင်တစ်ခုကတော့ main ဖန်ရှင်ပါ ။ Return type ကိုတော့ int ပေးထားပါတယ် ။ ဒါကြောင့် function statements ထဲမှာ return 0 ဆိုပြီး ပြန်ပေးထားတာဖြစ်ပါတယ် ။ printmessage(); ဆိုတာကတော့ အပေါ် က ရေးထားတဲ့ Function ကို main function ထဲကနေ Call ခေါ်ထားတာဖြစ်ပါတယ် ။


Function တွေကိုကြေငြာခြင်း

Function တွေကိုအပေါ်မှာ ပြထားတဲ့ ဥပမာအတိုင်း တန်းရေးပြီးသုံးနိုင်သလို ပထမဆုံး main function အတိုင်ခင်မှာ ကြေငြာပြီးလည်းသုံးနိုင်ပါတယ် ။ အဲလို main function မတိုင်ခင် ကြေငြာလိုက်တဲ့ Prototype Function လို့ခေါ်ပါတယ် ။ သူ့ရဲ့ အသုံးပြုပုံကိုအောက်မှာတစ်ချက်ကြည့်ကြည့်ပါ ။


Example For Prototype Function

// void function example
#include <iostream>
using namespace std;

void printmessage ();

int main ()
{
printmessage ();
cout<<endl;
return 0;
}
void printmessage ()
{
cout << "Declaration Function! (OR) Prototype ";
}

ဖန်ရှင်တွေကို Prototype ဖန်ရှင်တွေအဖြစ်ကြေညာပြီးသုံးမယ်ဆိုရင်တော့အပေါ်မှာပြထားခဲ့တဲ့တိုင်းပဲ ကိုယ် သုံးချင်တဲ့ ဖန်ရှင်တွေကို main function မတိုင်ခင်မှာကြေငြာခဲ့ရမှာဖြစ်ပါတယ် ။

Prototype ကိုကြေငြာတဲ့ခါမှာ void printmessage (); သို့မဟုတ် int Add (int , int ,float); စတဲ့ပုံ စံတွေနဲ့ ကြေငြာနိုင်ပါတယ် ။ အဲဒီမှမဖြစ်မနေသတိထားရမှာ က ( ; ) ပိတ်ခဲ့ဖို့ မေ့လို့မရဘူးဆိုတာပါပဲ ။ ပီးတော့ int Add (int , int ,float); ပုံစံ Parameters တွေနဲ့ prototype ကြေငြာတဲ့အခါ Parameters တစ်ခုနဲ့တစ်ခုကြား က ( , )ကော်မာ ခံ ပြီးရေးတယ်ဆိုတာပါပဲ ။ စပြီးလေ့လာတဲ့သူတွေအဖို့မှားတက်တာလေးတွေက အဲဒါလေးတွေပါ ။

နောက် တစ်ချက်ကတော့ အပေါ် က Prototype ကြေငြာတဲ့အခါမှာ Parameters မပါတဲ့ Function ဆိုလျှင်လည်းမပါတဲ့တိုင်း Parameters တွေပါတဲ့ဖန်ရှင်ဆိုရင် လည်း Parameters တွေပါတဲ့အရေအတွက် ကြေငြာထားခဲ့တဲ့တိုင်း အောက်ကဖန်ရှင်ရေးတဲ့အခါမှာ ပြန်လည်းအသုံးပြုဖို့ ပါ ။ နောက်တစ်ချက်က Prototype ကြေငြာတုန်းက function နောက်မှာ ( ; ) နဲ့ပိတ်ခဲ့ပေးရပေမဲ့ main function အောက် Function စရေးတဲ့အခါမှာတော့ ( ; ) ပါလို့မရပါဘူး ။ အပေါ် က ရေးထားတဲ့ကုဒ်လေးတွေကိုသေချာပြန်ကြည့်ကြည့်ပါ ။

နောက်တစ်ချက်ကတော့ ကိုယ်သုံးခဲ့တဲ့ ဖန်ရှင်ကို main function မှာ call ပြန်ခေါ်ဖို့မေ့လို့မရပါဘူး ။ မေ့နေခဲ့တယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့အဖြေထွက်မှာမဟုတ်ပါဘူး ။


Pass The Variables By Value

C++ က Function တွေမှာ Passing လုပ်တယ် Pass လုပ်တယ်ဆိုတာ Data တွေကို တစ်နေရာကနေတစ်နေရာ ပြောင်းရွှေ့ပေးတာပါပဲ ။ အဲလိုပြောင်းရွှေ့တဲ့နည်းတွေ အမျိုးမျိုးရှိကြပါတယ် ။ value , pointer , reference , const , စသည်ဖြင့် pass လုပ်ပေးနိုင်တဲ့ နည်းတွေအများကြီးရှိပါတယ် အခုပြောမှာကတော့ value နဲ့ pass လုပ်ပေးတဲ့နည်းပါ ။ အောက်ကကုဒ်လေးတွေကိုကြည့်ကြည့်ပါ

Void f(int n)
{
n++;
}


int main()
{
int x = 2;
f(x);
cout << x;
}

Variables တွေကို value တွေနဲ့ pass လုပ်တဲ့အခါမှာ Call ခေါ်ခံရတဲ့ဖန်ရှင်ရဲ့ parameters တွေကို copy ပဲယူတာပါ ။ အပေါ်က f ဖန်ရှင်မှာ က parameter ကို int n ဆိုပြီးကြေငြာထားတာပါ ။ ဒါပေမဲ့ mainဖန်ရှင်မှာတော့f(x);ဆိုပြီးရေးထားတာကိုတွေ့မှာပါ။ f ဖန်ရှင်ထဲက parameter ဟာ n မဟုတ်တော့ပဲ x ဖြစ်သွားတာကိုသတိထားမိမှာပါ ။ main ဖန်ရှင်ထဲမှာ int x=2; ဆိုပြီး တန်ဖိုးတစ်ခုထည့်ပြီးသားဖြစ်တဲ့အတွက် f(2); ဆိုတဲ့ပုံစံမျိုးဝင်သွားပါတယ် အဲဒီ 2 ဆိုတဲ့ value ဟာ call ခေါ်ခံရတဲ့ f ဖန်ရှင်ရဲ့ parameter ဖြစ်တဲ့ n နေရာမှာဝင်သွားပါတယ် ။ အဲဒါကို Data Passing လုပ်တယ်လို့ခေါ်ပါတယ် ။ f ဖန်ရှင် ရဲ့ statement မှာ n++ ဆိုတဲ့ အတွက် 2 ကို တစ်တိုးပြီး cout << x; ထုတ်ပေးတဲ့အခါ ၃ ဆိုပြီးထွက်မှာဖြစ်ပါတယ် ။ ဒါကတော့ Value တွေ နဲ့ function တွေမှာ pass လုပ်ပေးတဲ့နည်း ပါ ။
ပိုပြီးနားလည်သွားအောင် အောက်က ဥပမာကိုထပ်ကြည့်ကြည့်ပါ ။


#include <iostream>
using namespace std;

double RigArea(double,double);

int main ()
{
double area = RigArea(20,30);
cout<<"\nLength = "<<30;
cout<<"\nWidth = "<<20;
cout<<"\nArea of Rightangle = "<<area<<endl;
return 0;
}
double RigArea(double W,double L)
{
return W*L;
}


• Program စစ ချင်းမှာ ဆိုရင် အပေါ် function တွေကြေငြာခြင်း မှာတုန်းကပြောထားခဲ့တဲ့တိုင်းပဲ main () ဖန်ရှင်ရဲ့အပေါ်မှာ RigArea ဆိုတဲ့ prototype ကိုကြေငြာလိုက်ပါတယ် ။ အဲဒီ Prototype မှာဆိုရင် return type က double ဖြစ်ပီးတော့ Parameters တွေကိုလည်း double ၂ ခုအနေနဲ့ကြေငြာပေးထားပါတယ် ။
• နောက် main ဖန်ရှင်ထဲမှာ area ဆိုတဲ့ variable တစ်ခုကို double အနေနနဲ့ကြေငြာပြီး RigArea ဆိုတဲ့ ဖန်ရှင်ကို call ခေါ်လိုက်ပါတယ် အဲလို call ခေါ်ရာမှာ pass လုပ်ပေးရမဲ့ arguments တွေကို တစ်ခါတည်းထည့်ပေးထားပါတယ် ။
• အဲလို constant value ရှိတဲ့ arguments တွေ ကို ကော်ပီ ယူပြီး အောက်မှာရှိတဲ့ RigArea ဆိုတဲ့ ဖန်ရှင်က parameters တွေဖြစ်တဲ့ W နဲ့ L တို့မှာ ထည့်လိုက်ပါတယ် ။ အဲဒါဆိုတော့ W=20 နဲ့ L = 30 ဆိုတဲ့သဘောဖြစ်သွားပါတယ် ။
• RigArea ဆိုတဲ့ဖန်ရှင်ထဲမှာ ကျွန်တော် က W*L ကိုမြှောက်ပီး return ပြန်ပေးပါလို့ ခိုင်းထားတဲ့အတွက် 20x30 =600 ဆိုတဲ့ တန်ဖိုးကို return ပြန်ပေးပါတယ် ။
• ဟုတ်ပြီး main () ဖန်ရှင်ထဲမှာတစ်ချက်ပြန်ကြည့်ကြည့်ရအောင် double area = RigArea(20,30); လို့ကျွန်တော်ကရေးထားတယ်။ ဒါကြောင့် RigArea(20,30); ကနေထွက်လာတဲ့ ၆၀၀ ဆိုတဲ့တန်ဖိုးဟာ area ဆိုတဲ့ variable ထဲကိုဝင်သွားပါတယ် ။ function call ခေါ်ပီးတဲ့အချိန်မှာ area ထဲမှာ 600 ဆိုတဲ့တန်ဖိုးရှိနေပါပြီ ။
• နောက် ကျွန်တော်ထည့်ခဲ့တဲ့ Length နဲ့ Width တို့ရဲ့ constant တန်ဖိုးတွေကို ထုတ်ပေးတယ် ။
• နောက်ဆုံးမှာတော့ area ကို output ထုတ်ပေးလိုက်ပါတယ် ။ အဲဒါကြောင့် အဖြေမှာ ၆၀၀ ဆိုပြီးထွက်သွားတာပါ ။Result ကိုကြည့်ကြည့်ပါ ။

Result




Pass variables by Reference

Pointer အကြောင်းဆွေးနွေး Reference (address as) အကြောင်းကိုပြောခဲ့တာမှတ်မိမယ်ထင်ပါတယ် ။ value တွေနဲ့ pass လုပ်တဲ့နည်းကိုအပေါ်မှာဆွေးနွေးခဲ့ပြီးပြီ ။ value နဲ့ pass လုပ်တယ်ဆိုတာ တိတိကျကျသတ်မှတ်လို့ရတဲ့ တန်ဖိုး ၊ variable တွေနဲ့ ရွှေ့ပြောင်းမှုလုပ်ရာမှာ အဆင်ပြေပေမဲ့ အမျိုးမျိုးဖြစ်လာနိုင်တဲ့ တန်ဖိုးတွေအတွက်ကျတော့ ခက်ခဲပါလိမ့်မယ် ။ အဲလိုအခြေအနေမှာ value တွေ memory မှာတည်နေတဲ့ address (Reference) ကိုကိုင်ပြီး pass လုပ်မယ်ဆိုရင် အဲဒီနေရာမှာဘယ်တန်ဖိုးပဲဝင်ဝင် ကျွန်တော်တို့ကနေရာကို ကိုင်ထားတာဖြစ်တဲ့အတွက် လွယ်လွယ်ကူကူနဲ့အဆင်ပြေပါတယ် ။ အဲဒါကြောင့် Pass variable by Reference ကလည်း အရေးပါတဲ့ passing ways တစ်မျိုးပါပဲ ။ အောက်ကဥပမာလေးကိုကြည့်ကြည့်ပါ ။

// passing parameters by reference
#include <iostream>
using namespace std;

void duplicate (int&, int&, int&);
int main ()
{
int x, y, z;
cout<<"Three numbers for x ,y ,z "<<endl;
cin>>x>>y>>z;
duplicate (x, y, z);
cout << "x=" << x << ", y=" << y << ", z=" << z<<endl;
return 0;
}
void duplicate (int& a, int& b, int& c)
{
a*=2;
b*=2;
c*=2;
}

ရှင်းလင်းချက်

• Prototype declaration ကိုသေချာကြည့်ကြည့်ပါ ။ return type ကို void အနေနဲ့ကြေငြာထားပါတယ် ။ အဲဒါကြောင့် return value မရှိပါဘူး ။ နောက်ပြီး Parameters list မှာ int& ဆိုပြီး ၃ ခုကြေငြာပေးထားပါတယ် ။ အဲဒါတွေကတော့ reference တွေပါပဲ ။
• main () ဖန်ရှင်ထဲမှာ စစချင်း variables ၃ ခုကို integers အဖြစ်ကြေငြာလိုက်ပါတယ် ။ ပီးတော့ အဲဒီ ၃ ခုအတွက် user ကိုရိုက်ထည့်ပေးခိုက်ပါတယ် ။ ကျွန်တော် က ၂ ၊ ၄ ၊ ၆ လို့ရိုက်ထည့်ပေးလိုက်တယ်ဆိုပါတော့ ။ x=2 , y =4 , z=6 လို့ဝင်သွားပါတယ် ။
• နောက် duplicate ဖန်ရှင်ကို call ခေါ်ပါတယ် ။ အဲဒီမှာ စပါပြီ ။ pass by value တုန်းက arguments to arguments ကော်ပီလုပ်သွားပေမဲ့ ။ pass by reference မှာကျတော့ argument to reference အဖြစ်သွားပါတယ် ။ ဒါကြောင့်ထည့်လိုက်တဲ့ တန်ဖိုးတွေက duplicate ဖန်ရှင်ရဲ့ reference အသီးသီးမှာရှိတဲ့ တန်ဖိုးတွေနေရာမှာဝင်သွားတယ်ပေါ့ဗျာ ။
• x ရဲ့တန်ဖိုးကို a ကကော်ပီကူးတာဖြစ်လို့ a*=2; ဆိုတဲ့အတွက် &a ဆိုတဲ့နေရာမှာ ၄ ဆိုတဲ့ တန်ဖိုးတစ်ခုရှိနေပါပြီ ။နောက်ထပ် y တန်ဖိုး ၊ z တန်ဖိုးတွေသည်းလည်း ထိုနည်းအတိုင်းအသီးသီး လုပ်ဆောင်ကြပြီး &b , &c ဆိုတဲ့နေရာတွေမှာ ၈ ၊ ၁၂ ဆိုပြီးတန်ဖိုးအသီးသီးရောက်သွားပါတယ် ။ ပထမ main ဖန်ရှင် ကနေအသွားမှာ 2 , 4, 6 ဆိုတဲ့ arguments တွေနဲ့ argument to reference ပုံ စံ သွားတာဖြစ်ပြီး ၊ duplicate ဖန်ရှင်ထဲကနေ main () ကိုပြန်တဲ့ အခါမှာတော့ပြောင်းပြန် reference to arguments ဖြစ်သွားတာပါတယ် ။ ဒါကြောင့် references အသီးသီးမှာရှိနေကြတဲ့ 4 , 8, 12 ဆိုတဲ့တန်ဖိုးတွေက main () ဖန်ရှင်ဆီကိုအသီးသီး ပြန်ဝင်သွားကြပါတယ် ။
• duplicate ဖန်ရှင်ကို call ခေါ်အပြီး x,y,z တိုရဲ့ တန်ဖိုးတွေကိုထုတ်ကြည့်တဲ့အခါမှာတော့ အောက်က result မှာမြင်ရတဲ့အတိုင်းပါပဲ

Result



Default values in parameters

Functions တွေအသုံးပြုဖို့အတွက် Prototype Function အဖြစ်ကြေငြာရာမှာ parameters တွေကို ၊ ဒါမှမဟုတ် parameters တွေထဲမှ ကိုယ်ကြိုက်သလောက်အရေအတွက်ကို default value အနေနဲ့ပေးထားလို့ရပါတယ် ။ function call ခေါ်လိုက်တဲ့အခါ မှာ pass လုပ်ပေးမဲ့ value တွေမရှိဘူးဆိုရင် မူရင်း default argument ကို ထည့်ပေးမှာဖြစ်ပါတယ် ။ ဥပမာကိုကြည့်ကြည့် ပါ ။

#include <iostream>
using namespace std;

void f(int x = 0, int y = 50);

int main()
{
f(1, 2);
f(10);
f();
return 0;
}

void f(int x, int y)
{
cout << "\nx: " << x << ", y: " << y << "\n\n";
}

ရှင်းလင်းချက်

• Prototype ကြေငြာထားတာကိုကြည့်ကြည့်ပါ ။ int x=0 , int y = 50 ဆို ပြီး default argument တန်ဖိုးတွေထည့်ထားတာကိုတွေ့ရပါလိမ့်မယ် ။ အဲဒါဆိုရင် x နဲ့ y ထဲမှာတန်ဖိုးအသီးသီးဝင်ပြီးသား ဖြစ်သွားပါတယ် ။ ဒါပေမဲ့ main () ဖန်ရှင်မှာကြည့်ကြည့်ပါ ။
• f (1,2) ဆိုပြီး f ဖန်ရှင်ကို call ခေါ်လိုက်ပါတယ် အဲဒီ 1 နဲ့ 2 က function pass by value နည်းနဲ့ အောက်က f ဖန်ရှင်ထဲဝင်သွားပြီး ။ x နဲ့ y ကိုထုတ်ပေးတဲ့အခါမှာ ။ ၁ နဲ့ ၂ ထွက်လာတာ တွေ့ပါလိမ့်မယ် ။
• နောက် f (10) ဆိုပြီး function call ခေါ်လိုက်တဲ့အခါမှာတော့ f ဖန်ရှင်ထဲမှာ argument ကတစ်ခုတည်းဖြစ်နေပါတယ် ။ အဲလို တစ်ခုတည်းဖြစ်ရင် အစဉ်တိုင်း ဖြစ်တဲ့အတွက် အောက် က f ဖန်ရှင်ရဲ့ x နေရာမှာဝင်သွားပါတယ် ။ ဒါကြောင့် x တန်ဖိုး ၁၀ နဲ့ y မှက default တန်ဖိုးဖြစ်တဲ့ ၅၀ ကိုထုတ်ပေးမှာဖြစ်ပါတယ် ။
• နောက် f() ဆိုပြီး function call ခေါ်တဲ့အခါမှာတော့ argument တစ်ခုမှမပါတာဖြစ်လို့ မူရင်း default value တွေဖြစ်ကြတဲ့ x တန်ဖိုး ၀ နဲ့ y တန်ဖိုး ၅၀ တို့ကို ထုတ်ပေးမှာဖြစ်ပါတယ် ။result မှာကြည့်ကြည့်ပါ ။

Result



Inline Function

Function တွေ ကိုသုံးတဲ့အခါမှာ ပထမဖန်ရှင်တစ်ခု ဆောက်လိုက်တယ် ပီးတော့ အဲဒီ ဖန်ရှင်ကို main ဖန်ရှင်ကနေခေါ်တယ် ။ နောက်ပြီး ဆောက်ထားတဲ့ဖန်ရှင် ကနေ main () ဖန်ရှင်ဆီကိုပြန်သွားတယ် ။ အဲလိုတွေအလုပ်လုပ်နေတာဖြစ်လို့ တည်ဆောက်တဲ့ဖန်ရှင် က ကြီးရင်မပြောပလောက်ပေမဲ့ တကယ်တမ်း ဖန်ရှင်မှာရေးထားတဲ့ အလုပ်လုပ်ဖို့ရှိတာ ကနည်းနည်းလေး ဆိုရင်တော့ ဖန်ရှင်လုပ်ဆောင်ဖို့အချိန်ထက် သွားလိုက ပြန်လိုက်လုပ်နေမဲ့အချိန်က ပိုများပါမယ် ။ အဲလိုသေးငယ်တဲ့ဖန်ရှင်လေးတွေကိုတည်ဆောက်မယ် ဆိုရင် အချိန်ကုန်သက်သာအောင် inline function ကိုသုံးပါတယ် ။ inline function တစ်ခုတည်ဆောက်မယ် ဆိုရင်တော့ ပုံမှန် function တွေ ရှေ့မှာ inline ဆိုတဲ့ keyword လေးထည့်ပေးရုံပါပဲ ။ သူရဲ့ ပုံစံကတော့

Inline returnType functionName (arguments….){statements….}


Example for inline function

#include <iostream>
using namespace std;

inline int max(int a, int b)
{
return a>b ? a : b;
}

int main()
{
cout << max(10, 20)<<endl;
cout << max(99, 88)<<endl;

return 0;
}

ရှင်းလင်းချက်

• Maximum ကိုရှာပေးမဲ့ max() function ကိုကြည့်ကြည့်ပါ ရှေ့ဆုံး ကမှာ inline ဆိုတဲ့ keyword လေးကို သတိထားမိမှာပါ ။ အဲဒါတော့ inline ဖန်ရှင်တစ်ခုအသုံးပြုတဲ့ပုံစံပါ ။ ဖန်ရှင်ရဲ့ အလုပ်လုပ်မဲ့ statements လေးကတကယ်ကို နည်းနည်းလေးပါ ။ အဲလို ဖန်ရှင်မျိုးတွေဆိုရင် inline ကိုသုံးတာပါ ။
• ဂဏန် ၂ လုံးတစ်စုံဆီရဲ့ အကြီးဂဏန်းကိုရှာပေးမဲ့ ပုံစံလေးပါ ။ max ဖန်ရှင်ထဲမှာတော့ operator ? ကိုသုံးထားတာပါ ။ သူ့ရဲ့အလုပ်လုပ်ပုံကိုတော့ ဆွေးနွေးချက်(၄) Operators တွေအကြောင်းတုန်း က conditional operator အဖြစ်ဆွေးနွေးခဲ့ဖူးပါတယ် ။ ပထမကိန်း ဟာ ဒုတိယကိန်းထက်ကြီးသလား ? ကြီးရင် ပထမကိန်း a ကိုထုတ်ပေးပါ : မဟုတ်ရင်တော့ ဒုတိယကိန်းကိုထုတ်ပေးပါလို့ခိုင်းထား တာပါ ။ ဒီလောက်ဆိုရင်သဘောပေါက်မယ်ထင်ပါတယ်။ Result ကိုကြည့်ကြည့်ပါ ။

Result




Overloaded Function

C++ မှာ Function တွေအများကြီးကို နာမည်တစ်ခုတည်းပေးပြီး ဖန်တီးနိင်ပါတယ် ။ ဒါပေမဲ့ return type တို့ parameters type တွေ ပါဝင်တဲ့အရေအတွက်တွေတော့ကွဲပြားပါလိမ့်မယ် ။ အဲဒါ နာမည်တူနဲ့ ဖန်ရှင်တစ်ခု ထက်ပိုသုံးတာကို overload လုပ်တယ်လို့ခေါ်ပါတယ် ။ C++ မှာ OOP ရဲ့ concept တစ်ခုဖြစ်တဲ့ Polymophism ရဲ့ ပုံစံဖြစ်ပါတယ် ။ Polymophism အကြောင်းကိုတော့ နောက်မှပဲ ဆွေးနွေးပါတော့မယ် ။ အခုကတော့ overload ဆိုတာဘာလဲသိရင်အဆင်ပြေပါပြီ ။ ဥပမာလေး ကိုကြည့်ကြည့်ပါ ။

Example

// overloaded function
#include <iostream>
using namespace std;

int operate (int a, int b);
float operate (float a, float b);
int main ()
{
int x=5,y=2;
float n=5.0,m=2.0;
cout << operate (x,y);
cout << "\n";
cout << operate (n,m);
cout << "\n";
return 0;
}

int operate (int a, int b)
{
return (a*b);
}

float operate (float a, float b)
{
return (a/b);
}

ရှင်းလင်းချက်

Prototype Function ကိုကြည့်ကြည့်ပါ operate ဆိုတဲ့ နာမည်တူ ဖန်ရှင်နှစ်ခုကို သတိထားမိမယ်ထင်ပါတယ် ။ ဒါပေမဲ့ တစ်ခုက integer ဖြစ်ပြီးတစ်ခုကတော့ float အမျိုးအစားဖြစ်ပါတယ် ။ ကျန်တဲ့ ဖန်ရှင် call ခေါ်တာတွေ အလုပ်လုပ်ပုံတွေကတော့ အပေါ်ဖန်ရှင်တွေအကြောင်းအများကြိး ဆွေးနွေးခဲ့ပြိးဖြစ်လို့ ထက်မဆွေးနွေးတော့ပါဘူး ။ နာလည်လိမ့်မယ်လို့ထင်ပါတယ် ။



Recursivity

Recursion Function ရဲ့ဂုဏ်သတ္တိကတော့ တခြား ဖန်ရှင်တစ်ခုနေ နောက်ဖန်ရှင်တစ်ခုကို call ခေါ်သလိုမဟုတ်ပါဘူး ။ တခြားဖန်ရှင်တစ်ခုကနေ နောက်ဖန်ရှင်တစ်ခုကို call ခေါ်တယ်ဆိုရင် ခေါ်ပြီးတာနဲ့ အဖြေတန်းထုတ်ပေးပါတယ် ။ recursion function မှာတော့ ကိုယ့်ဘာသာ ပဲပြန်ခေါ်နေပြီး လိုချင်တဲ့ အဖြေကို မထွက်မချင်း looping ပတ်နေပါတယ် ။ လိုချင်တဲ့ ပွိုင့်အဖြေကိုရောက်ပြီဆိုမှ အဖြေထုတ်ပေးတဲ့ Method တစ်မျိုးပါပဲ ။ Function တွေမှာ အဲလို ဂုဏ်သတ္တိတွေ အသုံးပြုနိုင်ပါတယ် ။ ဥပမာလေးကိုကြည့်ကြည့်ပါ ။

// recursion function
#include <iostream>
using namespace std;

long factorial (long a)
{
if (a > 1)
return (a * factorial (a-1));
else
return (1);
}

int main ()
{
long number;
cout << "Please type a number: ";
cin >> number;
cout << number << "! = " << factorial (number);
return 0;
}

ရှင်းလင်းချက်

• ဒီဥပမာလေး က ဂဏန်းတွေရဲ့ Factorial တန်ဖိုးကိုရှာပေးမဲ့ Program လေးပါ ။
• Factorial ရှာတဲ့ ပုံသနည်းကတော့ n! = n * (n-1)! ပါ ။ ဥပမာ ကျွန်တော်တို့ က 3 factorial ကိုရှာမယ်ဆိုရင် 3 ! = 3*2! , 2!= 2* 1 ! ပါ ။ အားလုံး ပေါင်းရေးလိုက်တဲ့အခါ မှာ 3 ! = 3*2*1 ရှာချင်တဲ့ ဂဏန်း ကနေ 1 အထိ မြှောက်သွားတာပါ ။
• Program မှာ main() function ကိုကြည့်ကြည့်ပါ ။ factorial တန်ဖိုးရှာဖို့အတွက် ဂဏန်းတစ်လုံးပေးပါဆိုပြီးတောင်ထားပါတယ်။ user ကနေ တန်ဖိုးတစ်ခုရိုက်လိုက်ရင် number ဆိုတဲ့ variable နဲ့ဖမ်းလိုက်တယ် ။ ပြီးတော့ factorial ဖန်ရှင် ကို call ခေါ်ပါတယ်။
• Call ခေါ်စဉ်က ဝင်လာတဲ့ argument ကို factorial ဖန်ရှင်က a ထဲကို ကော်ပီထည့်လိုက်ပါတယ် ။ ပြီးတော့ ဖန်ရှင် statements ထဲကိုဆင်းသွားပြီး if နဲ့စစ်ဆေးပါတယ် ။ user ထည့်လိုက်တဲ့ တန်ဖိုး ဟာ ၁ ထက်ကြီးသလား ကြိးတယ်ဆိုရင် recursion စလုပ်ပါတယ် ။ ဘယ်မှာလုပ်တာလဲဆိုတော့ ပထမ ထည့်လိုက်တဲ့ တန်ဖိုးက a နေရာမှာဝင်တာဆိုတော့ a* လို့သိပြီးတာနဲ့ factorial (a-1) ဆိုပြီး ဖန်ရှင်ကို call ပြန်ခေါ်လိုက်တာပါ ။ အဲလိုနဲ့တစ်ခါ a-1 တန်ဖိုးကို if နဲ့ပြန်စစ်ပါတယ် ။ အဲလိုနဲ့ user ထည့်လိုက်တဲ့တန်ဖိုးကို ၁ လျှော့လျှော့သွားပြီး ၁ နဲ့ညီတဲ့အထိ လျှော့သွားပါတယ် ။ ၁ နဲ့ညီသွားပြီဆိုရင်တော့ looping ကနေရပ်ပြီး နောက်ဆုံးအဖြေကို ထုတ်ပေးမှာဖြစ်ပါတယ် ။ ဒါဟာ Recurisivity ပါပဲ ။
• Variable နာမည်တွေနဲ့ရှင်းပြတော့နည်းနည်း ရှုပ်သွားတယ်ထင်တယ် ။ ဥပမာ ကျွန်တော်က နေပြီး ၄ ရဲ့ factorial ကိုရှာပေးပါဆိုပြီးထည့်ပေးလိုက်တယ်ဆိုပါတော့ ။ factorial ဖန်ရှင်ကို call စခေါ်ပါတယ် ပီးတော့ ကျွန်တော်ထည့်လိုက်တဲ့ 4 ဆိုတဲ့ တန်ဖိုးကို if (4>1) ဆိုပြီးစစ်လိုက်တယ် ။ ကြီး နေတာဖြစ်တဲ့အတွက် 4*factorial(4-1) ဆိုတဲ့ပုံစံဖြစ်သွားတယ် ။ အဲဒီတော့ factorial ဖန်ရှင်ကိုကော်ပြန်ခေါ်တယ် ။ 3>1 ဆိုပြိးစစ်တယ် ။ ကြီးနေသေးတယ် အဲဒီတော့ 4*3*factorial(2) ဆိုတဲ့ပုံစံဖြစ်သွားတယ် ။ ဖန်ရှင်ကောပြန်ခေါ်တယ် ။ 2>1 ဆိုပြိးစစ်တယ် ကြိးနေသေးတော့ 4*3*2*factorial(1) ပုံစံဖြစ်တယ် ။
1>1 ဆိုပြီးစစ်တယ် ။ အဲဒီတော့ မကြီးတော့ဘူး မကြိးတော့ loop ကနေရပ်သွားတယ် ။ ဒါကြောင့် 4 ! = 4*3*2 =24 ဆိုပြီးအဖြေထုတ်ပေးတာပါ ။ 4 ထည့်ထားတဲ့ Result ကိုကြည့်ကြည့်ပါ ။

Result




Function အကြောင်းမှာဒီလောက်ဆိုရင် တော်တော်လေးလုံလောက်မယ်ထင်ပါတယ် ။ ကျွန်တော် မဆွေးနွေးပဲကျန်နေတာတွေလည်းရှိနိင်ပါသေးတယ် ။ ဖန်ရှင်နဲ့ပက်သက်ပြီး program code လေးတွေထပ်မံလေံလာချင်သေးတယ်ဆိုရင်တော့
http://www.java2s.com/Tutorial/Cpp/0140__Function/Catalog0140__Function.htm မှာ ကိုယ်တိုင်သွားပြီးလေ့လာနိုင်ပါတယ် ။ ကျွန်တော်ဆွေးနွေးထားတဲ့သီအိုရီတွေနဲ့ ပေးထားတဲ့လင့်ခ်က ကုဒ်လေးတွေ တွဲပြီး လေ့လာမယ်ဆိုရင် ပိုပြီးနားလည်မှာပါ ။ အားလုံးပဲအဆင်ပြေကြပါစေ ။

0 comments:

Post a Comment

ဒီPost ရဲ့ရေးသားချက်နဲ့ပက်သက်ပြီး ဝေဖန်အကြံပြုနိုင်ပါတယ်။